ရုတ်တရက်ခွဲခွာလိုက်ရတဲ့ ဖခင်နဲ့ ညီငယ်လေးအကြောင်းကို ပြောပြကာ ရင်ဖွင့်ခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး

လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီး ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ ဒါရိုက်တာ တယောက်ပဲ ဖြစ်ပါတယ်။ ထူးပိုင်ဇော်ဦးကတော့ ဆိုးဝါးလှတဲ့ ကိုဗစ်ကပ်ရောဂါကြီးကြောင့် မကြာသေးခင်က ဖခင်ဖြစ်သူကို ဆုံးရှုံခဲ့ရတာပါ။ ဖခင်ဆုံးရှုံးခဲ့ရတာနဲ့ ပက်သက်ပြီး အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။ ” ခွဲခွာခြင်းတိုင်းဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြုံရတာတွေက ပိုပြင်းထန်တယ်။ ညီလေးတုန်းကလဲ အကောင်းကြီးကနေ car accident ဖြစ်ပြီး အသက် ၁၉ နှစ်နဲ့ ဆုံးသွားတယ်။ နှုတ်ဆက်ချိန်တောင်မရခဲ့ဘူး။အခု အဖေ လဲ ကျန်းမာနေလျက်က Covid ကြောင့် ၁ ပတ်လောက်အတွင်း ဆုံးသွားတယ်။ လုံးဝ ပြန်ကောင်းလာမယ် ၊ ပြန်ကျန်းမာလာမယ်ပဲ တွေးထားခဲ့တာ။အဖြစ်အပျက်တွေက မြန်လွန်းတယ်။ အဖြစ်ဆိုးဟာ တစ်ကြိမ်ထက်မကမို့ လောကဓံကိုတော်တော် ကြောက်နေပါပြီ။

သတင်းထုတ်ပြန်တဲ့ သေဆုံးလူနာစာရင်းဟာ တခြားသူတွေအတွက် နံပါတ်သပ်သပ်သာ ဖြစ်ပေမယ့် အဲ့ထဲက နံပါတ်စဉ်တစ်ခုဟာ ကျွန်တော်တို့ဘဝ ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်။Covid နဲ့ ပတ်သက်ပြီး တခြားသူတွေ နောက်သလို ပြောနေတဲ့ အရာတွေဟာ ကျွန်တော်တို့အတွက်တော့ လုံးဝ မရယ်ရတော့ဘူး။ ခြောက်လန့်နေတယ်။ Covid ကုသရေး ဆေးရုံပြောင်းရမှာမို့ တွန်းလှည်းပေါ်တောင် ကိုယ်တိုင် လမ်းလျှောက်ပြီး တက်နိုင်ခဲ့တဲ့ အဖေဟာ နောက်တစ်ရက်မှာပဲ မရှိတော့ဘူးဆိုတာ ကျတော်တို့ အတွက်တော်တော်ကို ထိခိုက်စေပါတယ်။ ဆုံးသွားပြီဆိုတဲ့ ဖုန်းနဲ့ အသိပေးစကား ကလွဲလို့ ဘယ်လိုကနေ ဘယ်လို ဖြစ်သွားတယ်ဆိုတဲ့ အကြောင်းအရင်းကိုလဲ ရေရေရာရာ မသိ၊ သူ့ နောက်ဆုံးအချိန်မှာလဲ အနားမှာ ဘယ်သူမှ မရှိ ၊ အထိမ်းအမှတ် အုတ်ဂူတောင် မလုပ်ပေးနိုင်တဲ့ အထိ ဖြစ်ရတယ်ဆိုတာ တော်တော်နာကျင်စရာကောင်းတဲ့ ခံစားချက်ပါ။

ဒါပေမယ့် ဒီရုပ် နဲ့ ဒီခန္ဓာ တွဲလျက်တည်ရှိနေရင် ပျက်ရမှာ အသေအချာမို့ ၊ လူတိုင်းဟာ တစ်နေ့ ဒီလမ်းကို လျှောက်ရမှာ အသေအချာမို့ ၊ ဆုံစည်းလာသမျှဟာ တစ်နေ့ ခွဲခွာရမှာ အသေအချာမို့ ကိုယ့်စိတ်ကို တရားဓမ္မရဲ့ အဆုံးအမနဲ့ ‌ဖြေရတယ်။ သတ္တဝါတစ်ခု ကံတစ်ခု ဆိုတဲ့အတိုင်း ဖြစ်လာပြီးပြီမို့ ကြုံရသမျှကို ဖြစ်ပျက်သဘောသွင်းပြီး ကျွန်တော်တို့ မိသားစု ရင်ဆိုင်ကျော်ဖြတ်ပါတယ်။ဒီလိုအဖြစ်မျိုးဟာ လက်ခံဖို့ရော ၊ ရှေ့ဆက်ဖို့ရော ခက်ခဲပါတယ်။ အရင်လို ပုံမှန်အတိုင်း မဖြစ်နိုင်‌‌တော့ပေမယ့် ကျွန်တော်တို့ ရှေ့ဆက်ရမယ့် အချိန်တွေကို တတ်နိုင်သလောက် ပုံမှန်ရှင်သန်ဖြတ်သန်းနိုင်အောင်ကြိုးစားပါမယ်။သေခြင်းတရားဟာ လက်တစ်ကမ်းမှာ ဆိုတာကို အနီးဆုံး မိသားစုထဲမှာတင် ၂ ကြိမ် တိတိ ကြုံရပြီမို့ ကိုယ်တိုင် အတွက်လဲ ပြင်ဆင်နေပါပြီ။

တန်ဖိုးထားရမယ့် အရာတွေကို ပိုတန်ဖိုးထားပြီး တစ်ချိန်ထဲမှာ တတ်နိုင်သလောက် အစွဲအလန်း ကင်းအောင်လဲ စိတ်ကို ထားပါတယ်။ အရင်ကလောက် လိုချင်တပ်မက်စိတ်တွေ မရှိတော့ဘူး။ ကိုယ် ရှင်သန်သရွေ့ တန်ဖိုးရှိအောင် ၊ ပျော်ရွှင်အောင်နေဖို့ပဲစိတ်က ပိုဖြစ်မိတယ်။ အနာဂတ်ဆိုတာထက် လက်ရှိအချိန်ကို အကောင်းဆုံးနေထိုင်ဖို့ ပဲ ဆုံးဖြတ်လိုက်တယ်။တွေးကြည့်ရင် ကြေကွဲစရာကောင်းတယ် ၊ ကိုယ်တွေ မိသားစုမှ ဒီလို အဖြစ်ဆိုးတွေ ကြုံရသလား တွေးမိပေမယ့် အဆိုးထဲက အကောင်းကို တန်ဖိုးထားဖို့ ၊ အကောင်းမြင်စိတ်နဲ့ ကျေးဇူးတင်ခြင်းကို နှလုံးသွင်းဖို့ စိတ်ထဲ ပိုဖြစ်မိတယ်။ အဖေဟာ သူ့ဘဝတစ်လျှောက်လုံး သိက္ခာရှိသော ကောင်းမွန်သော လူသားတစ်ယောက် ဖြစ်ခဲ့တာကို ကျေးဇူးတင်တယ်။

အဖေ့ရဲ့ အရိပ်ကြောင့် ကျွန်တော်တို့ ဘဝတစ်လျှောက်လုံး ပူပင်စရာ တစ်ခါမှ မရှိဘဲ ရှင်သန်ခဲ့ရတာ ကျေးဇူးတင်တယ်။ အခုထိ အနုပညာမှာ ခေါင်းမာပြီး ချေးများခွင့်ရတာ ဟာ နောက်က ထောက်ပံ့ထားတဲ့ မိဘတွေရဲ့ အင်အားကြောင့်ပါ။ အဖေ့အကြောင်းတွေးတိုင်း ပျော်ရွှင်စရာတွေပဲ ဖြစ်ခဲ့တာကိုကျေးဇူးတင်တယ်။ အဖေဟာ ဘဝကို မိသားစုအတွက် ပျော်ပျော်ရွှင်ရွှင် ရိုးရိုးသားသား အေးအေးဆေးဆေး ဖြတ်သန်းခဲ့တာကို သိလို့ကျေးဇူးတင်တယ်။အဖေဟာ သူအသက်ရှင်စဉ်မှာ ဝေဒနာ ကြီးကြီးမားမား ၊ ရောဂါကြီးကြီးမားမား မခံစားခဲ့ရတဲ့အတွက် ကျေးဇူးတင်တယ်။အဖေ့ စိတ်ထဲတော့ ထဲထဲ ဝင်ဝင် မသိပေမယ့် သူ နေထိုင်ခဲ့တဲ့ တလျှောက် လိုချင်တပ်မက်စိတ်နည်းပြီး ဘဝကို ကျေနပ်ပျော်ရွှင်လောက်မှာပဲလို့ တွေးမိပြီး ကျေးဇူးတင်တယ်။အဖေ့ တစ်သက်တာ ရှာဖွေထားတဲ့ စည်းစိမ်တွေနဲ့ ဘဝကို အေးဆေး ဖြတ်သန်းရမယ့်အချိန်မှာ ခွဲခွာသွားတာကိုတော့ တော်တော် ရင်နာ စိတ်မကောင်းပေမယ့် လူကောင်းတစ်ယောက်အနေနဲ့ သူကောင်းရာမွန်ရာ ရောက်မယ်ဆိုတာ ယုံကြည်တဲ့အတွက် စိတ်သက်သာရာရတယ်။

ညီလေးနဲ့ အဖေ ပြန်ဆုံပြီး သူတို့ သားအဖ ပျော်ရွှင်ရင် ပျော်ရွှင်နေမှာ လို့ တွေးပြီး စိတ်ဖြေတယ်။အမေ နဲ့ ကျန်တဲ့ မိသားစုဝင်တွေ ကျန်းကျန်းမာမာ နဲ့ ရှိနေတာကိုလဲ တကယ် ကျေးဇူးတင်တယ်။ တန်ဖိုးထားတယ်။လောကကြီးဟာ ကျွန်တော်တို့ကို အကြိမ်ကြိမ် ထိုးနှက်ပါတယ်။ အကြိမ်ကြိမ်လဲကျ‌စေပါတယ်။ အ‌ရှေ့တစ်ခါက ပြင်းထန်တယ်ထင်တာ ဒီတစ်ကြိမ် ပိုဆိုးပါတယ်။ မေ့မပစ်နိုင်ပေမယ့် မတွေးမိအောင် နေရပါတယ်။ အဲ့အကြောင်းပဲ စဉ်းစား‌နေမိရင် ရူးသွားနိုင်လို့ပါ။ ရှေးဘဝရဲ့ ကုသိုလ်ကံတွေကြောင့် ဒီလို ဖြစ်ရတယ် ဆိုရင်လဲ ဒီဘဝမှာ ပိုမိုကောင်းမွန်စွာ နေထိုင်ပါမယ်။ ဘယ်လောက်ဆိုးဆိုး ဒီအခက်အခဲကိုလဲ ကျွန်တော်တို့ ဖြတ်ကျော်မှာပါ။ အချိန်ဘယ်လောက်ယူမလဲ မသိပေမယ့် သေချာပေါက် ‌ကျော်လွှားနိုင်မှာပါ။ လောကအပေါ်ရှုမြင်ပုံတွေ ပြောင်းသွားပေမယ့် ကျွန်တော်သေချာပေါက် ပြန်ထူထမှာပါ။ ရှင်သန်ရမယ့် နေ့ရက်တိုင်းအတွက်ကော ၊ သေရမယ့် ရက်အတွက်ပါ ပြင်ဆင်ပြီး ကျွန်တော် ကောင်းမွန်စွာ နေထိုင်ပါမယ်။ ” ဆိုကာ သူ့ရဲ့ ခံစားချက်နဲ့ ပက်သက်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ ခွဲခွာရခြင်း လောကဓံကို ကြံ့ကြံ့ခံနေတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ ပက်သက်ပြီး အားပေးစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။