
လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ကာလအတွင်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျဆုံးခဲ့တဲ့ပြည်သူပေါင်း (၇၀၀) ကျော်တောင် ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ ပြည်သူတွေက အန္တရာယ်တွေကြားထဲကနေ သူတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလ (၈) ရက်နေ့တုန်းကလည်း ပဲခူးမြို့မှာ ပြည်သူတွေပြုလုပ်ထားတဲ့ ခံတပ်ကို ဖြိုခွင်းခံခဲ့ရတာကြောင့် ကျဆုံးသူတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ် ။
အဲ့ဒီနေ့မှာပဲ ပဲခူးမြို့က ပြည်သူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို တစ်ချို့ဆိုရင် နေရပ်ကိုတောင်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ် ။ ဒီအခြေအနေတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတစ်ဦးကတော့ အဲ့ဒီနေ့တုန်းက အဖြစ်အပျက်တွေကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ် ။ ” ပဲခူးဖြိုခွင်းခံရမှုတလပြည့်ဧပြီလ (၈)ရက်နေ့ ဒီနေ့လိုညမှာ ဖုန်းမက်ဆေ့တွေ ၊ မက်ဆင်ဂျာကနေ သတင်းတွေစဝင်လာပြီ။ မနက်(၄)နာရီမှာ မဂ္ဂတစ်ခံတပ်တွေဝင်ဖြိုမယ်ဆိုတဲ့သတင်းပါပဲ။ ပထမရက်တွေကလဲ ခုလိုသတင်းထွက်ခဲ့တော့ ယုံရတာတော့ ၅၀/၅၀ပါပဲ။ ဒါပေမယ့် အဲ့ဒီညမှာ ကျနော်တို့တွေတော်တော်နဲ့မအိပ်ဖြစ်ခဲ့ကြဘူး။ ကင်းသမားတွေကော ခံတပ်ကလူတွေလဲ ကျနော်တို့လိုပဲဖြစ်မှာပါ။ ပဲခူးအနေအထားက တမြို့လုံးကိုလွှမ်းခြုံနိုင်တယ့် တပ်စွဲမှုကိုလဲသူတို့လုပ်ထားပြီးပြီ။ မဇင်းလမ်းဆုံကစာသင်ကျောင်းကိုလဲတပ်စွဲထားပြီးပြီ။ ကျနော်ဟာ အဲ့ဒီညအခြေအနေကိုသိပြီးတယ့်နောက်မှာ မဂ္ဂတစ်ကိုကာကွယ်ကြဖို့ postတခုတင်ခဲ့တယိ။ မဂ္ဂတစ်ခံတပ်အရေးကြီးပုံကိုတင်တော့ ဒလံဆိုပီး စွပ်စွဲပါခံလိုက်ရသေးတယ်။ (အမှတ်တရပေါ့?)

ဧပြီ(၉)ရက်မနက် (၄)နာရီမှာ ကင်းသမားတွေဆီကဖုန်းဝင်လာပြီ ၊ မဂ္ဂတစ်ကို ထိပ်ပိတ်နောက်ပိတ် စစ်တပ်ကပိတ်ချလိုက်ပြီဆိုတာလှမ်းသတင်းပို့ကြတယ်။ ကျနော်တို့လဲ ပြင်ဆင်ကြတုန်းရှိသေးတယ် အုံးဆိုပြီးအသံတချက်ထွက်လာတယ်။ ကျနော်တို့မဂ္ဂတစ်လမ်းမကြီးကိုပြေးတက်ကြတယ်။ ခံတပ်တွေကိုတာဝန်ယူထားတယ့်သူတွေနဲ့ ချိတ်ဆက်ပြီးခြေနေပေါ်မူတည်ပြီး တာဝန်ခွဲပေးနေတုန်း အုန်းဆိုပြီး အသံ၃ချက်ဆက်တိုက်ကြားလိုက်ရတယ်။ အဲ့ဒီချိန်မှာ မဂ္ဂတစ်လမ်းမကြီးဟာ ဘာမှမမြင်ရတော့ဘဲ မီးခိုးလုံးတွေနဲ့ဖုံးသွားပြီ။ နောက်ပိုင်းဆက်တိုက် လက်နက်ကြီးနဲ့ပစ်တော့ ခံတပ်အဖွဲ့ကကျနော်တို့ကိုအကြောင်းကြားလာပြီ ခံတပ်တွေပြိုကုန်ပြီ ဆုတ်ကြဖို့ပြောလာတယိ့ချိန် ကျနော်တို့ဆုတ်ကြတယ်။ ခံတပ်အများကြီးကို ဖြိုသွားတာ နာရီဝက်တောင်မကြာဘူး။ လက်နက်ကြီးတွေနဲ့ပစ်ပြီး စက်သေနတ်တွေနဲ့ဆက်တိုက်ပစ်တာ တပိုင်းလူံး အိမ်ထဲကအိမ်ပြင်မထွက်ရဲကြဘူး။ အိမ်တအိမ်မှာ ဝင်နေရင်း ပိတ်မိသလိုဖြစ်တာနဲ့ လမ်းရှာထွက်ပြီး ရွာတွေဘက်ပေါက်တဲ့လမ်းကိုပြေးခဲ့ရတယ်။
မဂ္ဂတစ်ကိုစစ်တပ်ကသိမ်းလိုက်နိုင်တယ့်အချိန်မှာ ပုဏ္ဏားစုနဲ့ ဆံတော်တွင်းကို လမ်းကြားတွေထဲကဝင်ပြီး ပစ်သတ်တော့တာပဲ။ ညနေ(၃)နာရီထိကို လက်နက်ကြီးတွေပစ်တယ့်အသံက မတိတ်သွားပါဘူး။ ပုဏ္ဏားစု ရပ်ကွက် ဆံတော်တွင်းရပ်ကွက် တွေမှာဆို သေနတ်နဲ့ပစ်တာ ကျည်ထိတဲ့သူတွေ အိမ်တွေထဲဝင်နေတဲ့ချိန် ဝင်ဖမ်းပြီး အဲ့မှာတင် ပစ်သတ်တာတွေလုပ်ခဲ့ကြတယ်။ ကျနော့အကိုဝမ်းကွဲလဲ ကျည်ထိပြီး ဖမ်းသွားပေမယ့် နောက်နေ့မနက်မှာ အလောင်းလာထုတ်ခိုင်းတာကို ကြုံခဲ့ရတယ်။ ဒဏ်ရာရတယ့်သူတွေကို ဖမ်းသွားပေမယ့် အဲ့ဒီလူတွေ ဆေးရုံကြီးကိုမရောက်ခဲ့ကြဘူး။ ဘယ်မှာထားလဲတော့မသိဘူး။ (၉)ရက်နေ့မှာဒီလိုဆိုးဆိုးဝါးဝါးတွေဖြစ်ပြီး (၁၃)ရက်နေ့မှာ မျက်မြင်အသိတယောက်ပြောချက်အရဆိုရင် ရင်ခွဲရုံကနေ စစ်တာလဘက်တွေနဲ့အလောင်းတွေထုတ်တာတွေ့ခဲ့တယ်လို့ပြောချက်အရဆို (၁၃)ရက်နေ့အထိ အလောင်းတွေပါဖျောက်ပစ်တာပါပဲ။
ပဲခူးဟာ လက်နက်ကြီးနဲ့ပစ်ပြီး ဖြိုခဲ့ပေမယ့်လဲ အကြောက်တရားနဲ့နောက်မဆုတ်သွားကြပါဘူး။ ခုချိန်ထိ ပဲခူးရဲ့ရပ်ကွက်တွေထဲမှာ အရွယ်ရောက်ယောကျာ်းတွေကို အကြောင်းမဲ့ဖမ်းနေတုန်းပါပဲ။ တချို့မိသားစုတွေဆို ယောကျာ်းလေးတွေရှိလို့ Killing Field ဖြစ်ခဲ့တယ့် ရပ်ကွက်ထဲမှာ ဆက်မနေရဲတော့ပဲ စွန့်ခွာသွားကြပါပြီ။ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့နေ့၊ လူပေါင်းများစွာပျောက်ဆုံးခဲ့ရတဲ့နေ့၊ မိသားစုပေါင်းများစွာ ပျက်ဆီးခဲ့ရတဲ့နေ့ဟာ မနက်ဖြန်ဆို တလပြည့်ပါပြီ။
အသက်ပေးသွားတယ့် ရဲဘော်တွေရဲ့ ကျန်တဲ့တာဝန်တွေကို ကျောင်းသားတွေဟာလဲ သူတို့နိုင်ရာနဲ့ ကျောင်းမတက်ပဲ ဆက်ပြီးတော်လှန်နေပေးကြတယ်။ CDM တွေကလဲ ဆက်လုပ်ပေးနေကြတယ်။ အများစုကလဲ ရှေ့တလှမ်းတိုးဖို့ ပြင်ဆင်နေကြတယ်။ ပဲခူးဟာ မတရားတဲ့သူတွေ အုပ်ချုပ်မှုအောက်မရောက်အောင်တော်လှန်နေရင်း တရားတဲ့စစ်တွေအတွက် စောင့်နေတယ့်မြို့တမြို့လဲဖြစ်ပါတယ်။ ” အခုဆိုရင် တစ်လပြည့်သွားခဲ့ပြီဖြစ်တာကြောင့် ကျဆုံးခဲ့တဲ့ ပဲခူးမြို့က သူရဲကောင်းတွေအတွက် မိသားစုဝင်တွေကလည်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ် ။ ဒီလိုမျိုးဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရပေမယ့်လည်း ပဲခူးမြို့မှာရှိတဲ့ ပြည်သူတွေကတော့ သွေးမအေးသွားဘဲ ရရာနည်းလမ်းနဲ့ ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ် ။