
နုတ်ထွက်စာတင်တဲ့ ရာအိမ်မှူးကို ပုဒ်မ(၃)ခုနဲ့ ဖမ်းဆီးမယ်လို့ စစ်ကောင်စီခြိမ်းခြောက်
ရန်ကုန်၊ဇွန်(၆)
ရာအိမ်မှူးဆက်မလုပ်လိုတဲ့အတွက် ထွက်စာတင်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းက ရာအိမ်မှူးတစ်ဦးကို ပုဒ်မ(၃)ခုတပ်အရေးယူမယ်လို့ စစ်ကောင်စီအဖွဲ့က ခြိမ်းခြောက်ခံရတဲ့ရာအိမ်မှူးကပြောပါတယ်။

“အရင်ကတည်းကဖိအားပေးပြီး အတင်းလုပ်ခိုင်းတယ်။ သူတို့ခိုင်းတဲ့အတိုင်းလုပ်မလား ထောင်ထဲသွားမလားဆိုတော့ ကျနော်လည်း ကြောက်လို့လုပ်လိုက်ရတယ်၊ ရပ်ကွက်ရုံးလည်းမသွားဘူး ဟိုရှောင်ဒီရှောင်လုပ်နေတာကြာပြီ၊ ရပ်ကွက်ထဲကအပြီးပြေးဖို့ဆိုတာ မိသားစုလိုက်ဆိုတော့ လွယ်လွယ်နဲ့တော့ လုပ်မရဘူးလေ၊ မေလကုန်မှာ ထွက်စာသွားတင်တယ်၊ မြို့နယ်ရုံးမှာခေါ်တွေ့တယ် ကဒ်အပ်တာနဲ့ ၅၀၅ကရယ်၊ ရဲဝန်ထမ်းသတ်ဖို့လှုံ့ဆော်မှုရယ်၊ အာဏာဖီဆန်ဖို့စည်းရုံးမှုရယ် ပုဒ်မသုံးခုနဲ့ စွဲမယ်ပြောတယ်” လို့ထွက်စာတင်တဲ့ ရာအိပ်မှူးက ကိုပြောပါတယ်။
စစ်ကောင်စီက ရပ်ကျေးရုံးတွေ အသက်ပြန်သွင်းပြီး အခြေခံအုပ်ချုပ်ရေးယန္တယားကိုမတ်လမကုန်ခင်စတင်လည်ပတ်ဖို့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဟောင်းတွေကို ပြန်လည်ခန့်အပ်တာရှိသလို အများစုကတော့ စစ်တပ်လိုလားသူနဲ့ စစ်တပ်နဲ့ဆက်နွယ်သူတွေကို အုပ်ချုပ်ရေးအဖွဲ့အစည်းတွေထဲမှာ နေရာပေးခန့်အပ်ခဲ့ပါတယ်။

CDM ဝန်ထမ်းတွေ၊ CDMထောက်ပံ့သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ရပ်ကျေးအဖွဲ့အစည်းတွေကနေတဆင့် ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပုံညွှန်း- ရန်ကုန်မြို့ကအုပ်ချုပ်ရေးရုံးနဲ့ လုံခြုံရေးစောင့်ကြပ်နေတဲ့ စစ်ကောင်စီအဖွဲ့