
ကျောက်ကပ်ဟာ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ချေဖျက်ပြီး ဆီးအဖြစ်စွန့်ထုတ်နိုင်အောင်လုပ်ဆောင်ပေးတဲ့၊ ခန္ဓာကိုယ်အတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်တွေများတဲ့အစားအသောက်တွေကို များများစားမိလိုက်ရင် ကျောက်ကပ်ကနေချေဖျက်နိုင်ခြင်းမရှိတော့ဘဲ ကြာလာတဲ့အခါ ကျောက်ကပ်မှာကျောက်တည်တာ၊ ကျောက်ကပ်ပျက်တာတွေဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်ကိုထိခိုက်စေလို့ တစ်ခါတည်းအများကြီးမစားသင့်တဲ့အစားအစာတွေကတော့ ဒါတွေပါ။
ထောပတ်သီးနဲ့ငှက်ပျောသီး
ထောပတ်သီးနဲ့ငှက်ပျောသီးမှာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားတာကြောင့် တစ်ထိုင်တည်းအများကြီးစားလိုက်မယ်ဆိုရင် ကျောက်ကပ်ကိုထိခိုက်စေနိုင်လို့ ဆင်ဆင်ခြင်ခြင်စားသင့်ပါတယ်။

အနီရောင်အသား
အသားကနေ ပရိုတင်းဓာတ်ရတယ်ဆိုပေမယ့် အနီရောင်အသားကနေရတဲ့ animal proteins နဲ့ purines ဓာတ်တွေက uric acid ထုတ်လုပ်မှုကိုမြင့်မားစေလို့ များများစားရင် ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ရဖို့ဆိုရင် အနီရောင်အသားထက် ပဲအမျိုးမျိုးကိုပိုစားပေးသင့်ပါတယ်။
ဆား
ဆားတစ်ဇွန်းဟာ ဆိုဒီယမ် 2300mg ဖြစ်ပါတယ်။ တစ်နေ့တာမှာ ဆားတစ်ဇွန်းစာနဲ့အထက်စားမိရင် ခန္ဓာကိုယ်ထဲရေဓာတ်ဆုံးရှုံးမှုကိုဖြစ်စေပြီး သွေးတိုးစေတဲ့အပြင် ကျောက်ကပ်ကိုပါထိခိုက်စေပါတယ်။ ဒါကြောင့် ဆားပါဝင်မှုများတဲ့ သရေစာတွေ၊ အသင့်စားအစားအစာတွေကို တတ်နိုင်သလောက်လျှော့စားသင့်ပါတယ်။
နို့ထွက်ပစ္စည်းများ
နို့နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ်၊ဒိန်ခဲ၊ ဒိန်ချဉ် စတာတွေက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေပေးတယ်ဆိုပေမယ့် အဲ့ဒီအရာတွေမှာ phosphorus ပါဝင်မှုမြင့်မားတာကြောင့် ပမာဏများများစားသုံးမယ်ဆိုရင်တော့ ကျောက်ကပ်ကိုထိခိုက်စေပါလိမ့်မယ်။ ဒါကြောင့် သင့်တင့်တဲ့ပမာဏကိုပဲ သတိထားစားသုံးပေးဖို့လိုပါတယ်။
လိမ္မော်သီးနဲ့လိမ္မော်ရည်
လတ်ဆတ်တဲ့လိမ္မော်သီးနဲ့လိမ္မော်ရည်က ဗီတာမင် စီ ကြွယ်ဝတယ်ဆိုပြီး တစ်ထိုင်တည်းအများကြီးစားတာမျိုး၊ လိမ္မော်ရည်တွေအများကြီးသောက်လိုက်တာမျိုးမလုပ်မိပါစေနဲ့။ ဘာလို့လဲဆိုတော့ လိမ္မော်သီးမှာပါဝင်တဲ့ ပိုတက်စီယမ်က ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့်ပါ။