
ကြွက်တွေ၊ မြက်ပင်တွေ၊ မြေဆီလွှာနဲ့ သစ်ပင်အခေါက်တွေစားပြီး အသက်ရှင်ရတဲ့ဘဝကို ရောက်နေရင်..၊ အသက်ရှင်သန်ဖို့အတွက် ရွှံ့အိုင်ထဲကရေကိုသောက်မှ ရေငတ်ပြေမယ်ဆိုရင်…၊ ဘာဆက်လုပ်မလဲ..။ လမ်းပေါ်ကအပုပ်အသိုး၊ အညစ်အကြေးတွေကောက်စားပြီး တစ်နေ့ တစ်နေ့ အသက်ဆက်ရမယ်ဆိုရင်..။ လူသေကောင်တွေထဲက လောက်ကောင်အကြီးကြီးတွေကို နှိုက်စားရမှ အသားဓာတ်ရပြီး နောက်ထပ်တစ်ရက် အသက်ရှင်သန်ခွင့်ရမယ်ဆိုရင်..။ ဘယ်သူမဆို အဲဒီဘဝက လွတ်မြောက်ချင်လိမ့်မယ်။
ဒါပေမဲ့ ဘယ်လို…..? ပြုံယမ်းက မြောက်ကိုရီးယားအစိုးရဟာ သူ့နိုင်ငံသားတွေကို အခြားနိုင်ငံသား ခံယူခွင့်မပြုပါ။ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားခံစားခွင့်အခွင့်အရေးကို ခပ်ပြတ်ပြတ်ပဲ ချိုးဖောက်ထားတယ်။ မြောက်ကိုရီးယားက ထွက်ပြေးတဲ့သူတွေဟာ သစ္စာဖောက်ပဲ..။ ရာဇဝတ်သားလို့ သတ်မှတ်တယ်။ ပြည်ပြေးတွေကို ပြန်ပြီးဖမ်းမိရင် စိတ်ကူးထဲမှာတောင်မတွေးရဲတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို နိုင်ငံရေးအကျဉ်းစခန်းတွေမှာ သေတဲ့အထိခံရမယ်။ အဲဒီရောက်ရင် ငရဲပဲ။ ဒါမှမဟုတ် အများပြည်သူရှေ့မှာ သေနတ်ပစ် အသတ်ခံရမယ်။
မြောက်ကိုရီးယားက ထွက်ပြေးလွတ်မြောက်သွားရင်ရော…? မိသားစုမျိုးဆက် သုံးဆက်ကနေ လေးဆက်အထိ အားလုံး နိုင်ငံရေးအကျဉ်းစခန်းကို အပို့ခံရမယ်။ ဒါကြောင့် မိသားစုရှိရင် မိသားစုလိုက်ပြေးကြတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကလူတွေ ထွက်ပြေးနေကြတုန်း…။ မြောက်ကိုရီးယားက လွတ်မြောက်ဖို့နည်းလမ်း (၇) လမ်းရှိတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နယ်စပ် (DMZ) ကိုဖြတ်မယ်။ နယ်စပ်လိုင်းကို ဖြတ်ပြေးဖို့က အန္တရာယ် အများဆုံးတဲ့။ ၂.၅ မိုင်ကျယ်ဝန်းတဲ့ DMZ ဟာ ကမ္ဘာပေါ်မှာ လက်နက်ကိုင်စစ်သား အများဆုံးရှိတဲ့နယ်စပ်တစ်ခုပဲ။
မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကို မြောက်ကိုရီးယားစစ်သားတွေ (နယ်ခြားစောင့်တပ်များ) က သေနတ်နဲ့ပစ်ချတာပဲ။ မလွတ်နိုင်ဘူး။ နယ်ခြားစောင့်တပ်တွေရန်က လွတ်ပြီပဲထား။ အဲဒီဒေသမှာ မြေမြှုပ်မိုင်းတွေ အများကြီး။ နင်းမိရင် ပြီးပြီ။ လျှပ်စစ် ခြံစည်းရိုးကိုထိမိရင်လည်း ဓာတ်လိုက်မယ်။ ပင်လယ်ကို လှေနဲ့ ဖြတ်မယ်။ မြောက်ကိုရီးယားရဲ့ အနောက်ဘက် ပင်လယ် (West Sea Escape Route) ဖြတ်ပြီးသွားရတဲ့ လမ်းကြောင်း ၃ ခုရှိတယ်။ အနီးဆုံးလမ်းက တောင်ကိုရီးယားပဲ။ မြောက်ကိုရီးယား အစောင့်သင်္ဘောနဲ့ မတွေ့ရင်လွတ်တယ်။ အစောင့်သင်္ဘောတွေကို ရှောင်ချင်ရင် နည်းနည်းပိုဝေးတဲ့ဘက်က ပတ်သွားလို့ရတယ်။
တစ်လမ်းက တရုတ်၊ နောက်တစ်လမ်းက တောင်ကိုရီးယား ။ အဲဒီဘက်က လှိုင်းကြမ်းပြီး အန္တရာယ်သိပ်များတယ်။ တရုတ်နိုင်ငံနယ်စပ်ကလည်း အန္တရာယ်ရှိတယ်။ ပြုံယမ်းရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်က မြောက်ကိုရီးယားဒုက္ခသည်တွေကို ဖမ်းပြီးပြန်အပ်တာပဲ..။ တရုတ်နိုင်ငံမှာရှိတဲ့ လူကုန်ကူးသူတွေကလည်း အသင့်စောင့်နေတာ။ လိင်ကျွန်အဖြစ် ရောင်းစားတယ်။ ကံကောင်းရင် တောဘက်က မိန်းမလိုချင်နေတဲ့တရုတ်တွေက ဝယ်တယ်။ ယောက်ျားတွေကို အလုပ်ကြမ်းခိုင်းတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အရောင်းစားခံရမယ်။
အရှေ့ဘက်ပင်လယ်ကနေ တောင်ကိုရီးယားကိုလည်း သွားလို့ရတယ်။ နောက်တစ်နည်းက အရှေ့ဘက်ပင်လယ် (East Sea Escape Route) ကိုဖြတ်တာပဲ..။ ဂျပန်ကမ်းစပ်ကိုရောက်မယ်။ တောင်ကိုရီးယားဘက်ကိုရောက်မယ်။ ဂျပန်ဘက်သွားနိုင်ရင်လည်း မဆိုးဘူး။ ဂျပန်တွေက မြောက်ကိုရီးယားတွေကို ပြန်မပို့ပါဘူး။ ဂျပန်ကမ်းစပ်ကနေ တောင်ကိုရီးယားကို ရေကူးပြီးသွားတဲ့ မြောက်ကိုရီးယားတွေလည်းရှိတယ်။ သိပ်အန္တရာယ်များတယ်။ လက်ပန်းကျ ရေနစ်သေနိုင်တယ်။
မြောက်ကိုရီးယားရဲ့ မြောက်ပိုင်းနယ်စပ်ကနေ ဖြတ်ပြီး တရုတ်ကိုဝင်မယ်။ မြောက်ပိုင်းမှာ ယာလုမြစ် (YALU) နဲ့ တူမန်းမြစ် (TUMEN) ကိုဖြတ်ရမယ်။ အဲဒီမြစ်တွေထဲမှာလည်း အလောင်းတွေ ဟိုနေရာ၊ ဒီနေရာပါပဲ။ အတော် စိတ်ခိုင်ခိုင်ထားနိုင်ပါမှ။ နယ်ခြားစောင့် စစ်သားတွေက ပုန်းပြီးကို စောင့်နေတာ။ တရုတ်ရောက်ရင် ရတဲ့နည်းနဲ့ တောင်ကိုရီးယားသံရုံးကိုပြေး။ တောင်ကိုရီးယားတွေကတော့ သူတို့နိုင်ငံသားမို့ အမြဲလက်ခံ ကြိုဆိုလျှက်ပဲ..။ သံရုံးက ပေကျင်းမြို့မှာဆိုတော့ ရောက်ဖို့မလွယ်ဘူး။ တောင်ကိုရီးယားသံရုံး အထဲကို မဝင်ရသေးတဲ့အထိတော့ စိတ်မချရဘူး။ တရုတ်တွေက ဖမ်းပြီး ပြန်ပို့နေတာ။
အာရှ မြေအောက်လမ်း (Asia underground railroad) ဆိုတာ ၁၉ ရာစုအာဖရိက – အမေရိကန် ကျေးကျွန်တွေ လွတ်မြောက်ဖို့ ကူညီပေးခဲ့တဲ့စနစ်နဲ့ ဆင်တူနေတယ်။ အစအဆုံး လျှို့ဝှက်အဆက်အသွယ်တွေနဲ့ မြောက်ကိုရီးယားက ခေါ်ထုတ်ပေးတာ။ သူတို့မှာ သူတို့ပဲသိတဲ့ လမ်းကြောင်းရှိတယ်။ တစ်ခါတလေ ခရစ်ယာန်တွေက တရုတ်နယ်စပ်ကလာစောင့်ပြီး အာရှနိုင်ငံတွေကို ကူညီခေါ်သွားပေးတယ်။ အချို့ပွဲစားတွေကျတော့ငွေယူတယ်။ ကံမကောင်းရင်တော့ လူကုန်ကူးတဲ့လူတွေကလည်း လိမ်ညာငွေယူရောင်းစားတတ်သေး။ ထိုင်းဘက်ကိုပြေးတာ အကောင်းဆုံးပဲ။ ထိုင်းက မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့သူတွေကို တောင်ကိုရီးယားကို ပြန်ပို့ပေးတယ်။
နောက်တစ်ခုကတော့ ဂိုဘီ (Gobi) သဲကန္တာရကိုဖြတ်ပြီး မွန်ဂိုနယ်စပ်ထဲဝင်မယ်။ ခရီးကြမ်းတယ်။ သားရဲတိရစ္ဆာန်တွေရန်လည်း ကြောက်ရတယ်။ ပုံမှန်တရုတ် – လာအို – ထိုင်းလမ်းကြောင်းထက် အများကြီး ပိုပြီးတိုတောင်းတဲ့လမ်းကြောင်းက မွန်ဂိုလီးယားပေါ့။ မွန်ဂိုလီးယားက ဖမ်းမိတဲ့ မြောက်ကိုရီးယားဒုက္ခသည်တွေကို တောင်ကိုရီးယားကိုပို့ပေးတယ်။ မွန်ဂိုအစိုးရက မြောက်ကိုရီးယားနဲ့ အဆင်ပြေအောင်နေပေမဲ့ မြောက်ကိုရီးယားဒုက္ခသည်တွေကို စာနာတယ်။
အနောက်နိုင်ငံတွေကိုပြေးမယ်။ နယ်စပ်တစ်ခုခုကိုရောက်ရင် အဲဒီကတစ်ဆင့် အနောက်နိုင်ငံ သံရုံးတစ်ခုအကူအညီတောင်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းမယ်။ ၂၀၁၄ ခုနှစ်မှာ ဥရောပ လူ့အခွင့်အရေးဆိုင်ရာမဟာမိတ်အဖွဲ့က ဥရောပဘက်မှာ မြောက်ကိုရီးယားဒုက္ခသည် ၁၄၀၀ ဝန်းကျင်ကို လက်ခံထားတယ်လို့ဆိုတယ်။ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နော်ဝေ အစုံပဲ..။ ၂၀၁၅ ခုနှစ်မှာ ဥရောပရဲ့ လန်ဒန်အနောက်တောင်ပိုင်း နယူးမာလင်မှာ မြောက်ကိုရီးယားရွာတောင်ရှိတယ်။ အဲဒီမှာ ခန့်မှန်းခြေ မြောက်ကိုရီးယား ၇၀၀ လောက်ရှိတယ်။ ဗြိတိန်က အိမ်ကအစ အလုပ်ရှာပေးတာအဆုံး ကူညီတာ။ အမေရိကန်ကလည်း မြောက်ကိုရီးယားပြည်ပြေးတွေကို လက်ခံပေးတယ်။
စားစရာမရှိအောင်ငတ်ပြတ်နေတဲ့ ဆင်းရဲသားတွေရဲ့ လုပ်အားက ပြုံယမ်းမြို့က အလွန်အမင်းချမ်းသာနေတဲ့ လူချမ်းသာတွေအတွက်၊ နျူးကလီးယားတွေအတွက်…။ ဒါတွေကို နားလည်တဲ့ တစ်နေ့မှာ အလွတ်ရုန်းကြတော့တာပဲ။ မြောက်ကိုရီးယားကထွက်ပြေးတာ ဆင်းရဲသားတွေပဲလား ? အလယ်အလတ်တန်းစားလူတွေလည်း ထွက်ပြေးကြတာပဲ။ သူတို့ဟာ ကလေးဘဝကတည်းက မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကို မဖြစ်မနေ ချီးကျူးဂုဏ်ပြုရင်း ထိန်းချုပ်မှုတွေအောက်မှာ ဖြည်းဖြည်းချင်းရွေ့လျားနေခဲ့ရတယ်။
မြောက်ကိုရီးယားကလူတွေဟာ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့အညီ နေထိုင်ရတယ်။ ဥပမာအားဖြင့် သူတို့ အလည်သွားလာဖို့တောင် ခွင့်ပြုချက်လိုတယ်။ COVID-19 ကြောင့် စည်းကမ်းတင်းကျပ်တယ်ဆိုတာ မြောက်ကိုရီးယားပြည်သူတွေအဖို့ အသေးအမွှားတစ်ခုပါပဲ။ မီဒီယာ (တီဗီ၊ သတင်းစာနဲ့ ရေဒီယို) ကို အစိုးရက အကြီးအကျယ် ထိန်းချုပ်ထားတယ်။ အပြစ်မရှိအောင်နေရင်းက အဖမ်းချုပ်၊ အနှိပ်စက်ခံရတဲ့အခါ ဘိုးစဉ်ဘောင်ဆက်၊ နာကျည်းမှုတွေ၊ အမုန်းတရားတွေနဲ့ပြည့်လာတယ်။ သူတို့တွေးမိတာ နယ်ခြားမျဉ်းဆိုတဲ့ ဒီ စည်းလေးတစ်ခုကို ကျော်ဖြတ်နိုင်ဖို့ပဲ..။ ပြည်ပြေးတွေအားလုံး တကယ့်ကိုအသက်စွန့်ပြီး မခံနိုင်လို့ပြေးလာ သူတွေများတာပေါ့။ မရွှေမိုး ( ကိုရီးယား )