
အသက်အရွယ် ကြီးလာတဲ့နောက်ပိုင်းမှာ ဇီဝကမ္မဖြစ်စဉ်တွေက နှေးလာပါတယ်။ အသက်ကြီးပိုင်း အမျိုးသမီးတွေက ကိုယ်အလေးအချိန်ကို ထိန်းထားဖို့ဆိုရင် တစ်ရက်ကို ကယ်လိုရီ ၁၀၀ လျှော့စားဖို့လိုပါတယ်။ အသက်ကြီးပိုင်းမှာ လှပတဲ့ခန္ဓါကိုယ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ နည်းလမ်းတွေက မခက်ခဲပါဘူးနော်။
၁။ လေ့ကျင့်ခန်းကို မပျက်မကွက်လုပ်ခြင်း
အသက်ကြီးလာတာနဲ့အမျှ ဇီဝကမ္မဖြစ်စဉ် နှေးလာတာကြောင့် cardio လေ့ကျင့်ခန်းကို တစ်နေ့ကို မိနစ် ၃၀ ခန့်လုပ်ပေးဖို့ လိုပါတယ်။ တခြားလေ့ကျင့်ခန်း ၅ ခုလောက်ကိုလည်း ပုံမှန်လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းတွေကို မလုပ်နိုင်ဘူးဆိုရင် တစ်ရက်ကို အနည်းဆုံး ခြေလှမ်းပေါင်း ၁၀၀၀၀ ကျော်လောက် လျှောက်ပေးနိုင်ပါတယ်။ အဲဒီအခါ အဆီလည်း မတက်တော့သလို ကျန်းမာရေးလည်း ကောင်းလာမှာပါ။

၂။ သတ်မှတ်ချက်ထားခြင်း
ပိန်ဆေးတွေသောက်တာ၊ အစားကို အလွန်အမင်းလျှော့စားတာက ခန္ဓါကိုယ်အတွက် အန္တရာယ်များစေပါတယ်။ တစ်ပတ်ကို တစ်ပေါင် ဒါမှမဟုတ် နှစ်ပေါင်ကျရမယ်ဆိုတဲ့ သတ်မှတ်ချက်ထားပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ခြင်းက တကယ်လည်း ဝိတ်ကျစေသလို အန္တရာယ်လည်း မဖြစ်စေပါဘူး။
၃။ ဗီတာမင်
အသက်ကြီးပိုင်း အမျိုးသမီးတွေအတွက် ကယ်လ်ဆီယမ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် D၊ အိုမီဂါ 3 တို့က မရှိမဖြစ် လိုအပ်လာပါပြီ။ထောပတ်သီး၊ တရုတ်ဆီးသီးခြောက်၊ ငှက်ပျောသီးတို့မှာ ပိုတက်ဆီယမ် ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်ဓါတ်ကို မက်မွန်သီး၊ ဒိန်ချဉ်တို့ကနေ ရနိုင်ပါတယ်။ ဗီတာမင်ဒီအတွက်ကတော့ မနက်စောစော နေရောင်ခြည်ကနေ ရရှိနိုင်ပါတယ်။
၎။ အချိန်မှန်စားသောက်ခြင်း
အစားကို လုံးဝမသားဘဲနေရင် ခန္ဓါကိုယ်မှာ ကယ်လိုရီတွေ လောင်ကျွမ်းရမယ့်အစား ကယ်လိုရီတွေကို စတင် သိုလှောင်လာပါတယ်။ အဲဒါကြောင့် မနက်စာကို ပုံမှန် စားပေးသင့်ပါတယ်။ ညဘက်မှာ မုန့်စားတာက အစာအိမ်အတွက် မကောင်းသလို ကိုယ်အလေးချိန်လည်းတက်စေပါတယ်။
၅။ အနားယူခြင်း
ခန္ဓါကိုယ်မှာ အလေးချိန်တွေ မတက်လာဖို့ဆိုရင် ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေးမဝတဲ့အခါ အသင့်စားအစားအစာတွေ၊ ကယ်လိုရီများတဲ့မုန့်တွေကို စားချင်လာတတ်ပါတယ်။ အဲဒါကြောင့် ဖုန်းသုံးချိန်၊ ကွန်ပျူတာသုံးချိန်ကို လျှော့ပြီး အိပ်ရေးဝဝအိပ်သင့်ပါတယ်နော်။
၆။ အပူချိန်ကို လျှော့ပြီးအိပ်ခြင်း
အေးမြတဲ့အပူချိန်က အိပ်နေရင်းတောင်မှ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓါကိုယ်ကို နွေးနေအောင် အလုပ်လုပ်ရလို့ပါ။ အရွယ်ရောက်ပြီးသူတွေမှာ အဆီ ၂ မျိုး ရှိပါတယ်။ မကောင်းတဲ့ အဖြူရောင်အဆီရယ်၊ ကောင်းကျိုးပေးတဲ့ အညိုရောင်မဆီရယ်ပါ။ အညိုရောင်အဆီက ကယ်လိုရီတွေ လောင်ကျွမ်းဖို့အတွက် တာဝန်ယူပေးပြီး အပူကို ထုတ်လွှတ်ပေးပါတယ်။ သိပ္ပံပညာရှင်တွေက အိမ်မှာ အပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်မှာနေဖို့ အကြံပေးပါတယ်။ အဲဒီအပူချိန်က အဆီတွေကို လောင်ကျွမ်းဖို့ ကူညီပေးနိုင်ပါတယ်။
၇။ ရေသောက်ခြင်း
ရေသောက်တာက ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ရေက ခန္ဓါကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ထမင်းမစားခင်မှာ ရေတစ်ဖန်ခွက်သောက်ရင် အစားစားချင်စိတ်ကို လျှော့ပေးပါတယ်။
၈။ ကျန်းမာရေးစစ်ဆေးခြင်း
တစ်ခါတရံမှာ အသက်ကြီးပိုင်း အမျိုးသမီးတွေက လေ့ကျင့်ခန်းတွေ လုပ်ပေမယ့် ကိုယ်အလေးချိန် မကျတတ်ပါဘူး။ အဲဒီအခါ အသည်းကို သန့်စင်ဖို့ လိုအပ်သလို သိုင်းရွိုက်ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးကြုံလာရရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။