ဦးကျော်မိုးထွန်းကို လုပ်ကြံမည့် တရားခံများအား အမေရိကန်မှ ဖမ်းဆီးရမိ

Advertisements

နယူးယောက် မြို့တော် တောင်ပိုင်းခရိုင် အစိုးရရှေနေရုံးမှ မြန်မာနိုင်ငံသား နှစ်ဦး ဖြစ်သော ဖြိုးဟိန်းထွဋ် (၂၈ နှစ်) နှင့် ရဲဟိန်းဇော် (၂၀ နှစ်) တို့အား သံအမတ်ကြီး ဦးကျော်မိုးထွန်းအား တိုက်ခိုက်ရန် ကြံစည်မှုဖြင့် အမြင့်ဆုံး ထောင်ဒဏ် ငါးနှစ် အထိ ကျခံစေမည့် ပုဒ်မ ဖြင့် စွဲချက်တင်ကာ ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။

စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်အောင် အကြမ်းဖက် တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ပုဒ်မတပ် အရေးယူထားတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု၊ နယူးယောက် တောင်ပိုင်းဒီစတြိတ် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

FBI ထောက်လှမ်းရေး အရာရှိများ၏ ဖေါ်ထုတ်ချက်အရ ထိုင်းနိုင်ငံ ရှိ လက်နက် ကုန်သည်တဦးမှ ဖြိုးဟိန်းထွဋ် အား အွန်လိုင်းမှ ဆက်သွယ်ပြီး ဦးကျော်မိုးထွန်းအား နှိပ်စက်ညှင်းပမ်း၍ ရာထူးမှ အတင်းအကျပ် ဆင်းခိုင်း‌နိုင်ဖို့ လူငှားရန် ငွေပေးကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။ ရာထူးမှ ဆင်းရန် ငြင်းဆန်နေပါက သတ်ပြစ်ရန် ပါ ညွှန်ကြားခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ သူ့မှာ အန္တရာယ်ရှိနေပြီလို့ အမေရိကန် အာဏာပိုင်တွေထံ တရားဝင် တိုင်တမ်းခဲ့တဲ့နောက် အမေရိကန် ထောက်လှမ်းရေး FBI အဖွဲ့က ဒီအမှုကို တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် ဖြိုးဟိန်းထွဋ်နှင့် လက်နက် ကုန်သည်မှ သံအမတ်ကြီး၏ ကားတာယာအား တခုခု ချို့ယွင်းပြီး တိမ်းမှောက်သွား‌ အောင်လုပ်ဖို့ သဘောတူခဲ့ကြသည်။ ဖြိုးဟိန်းထွဋ်မှ ကုလ မြန်မာသံရုံးတွင် ဝင်ထွက်နေသည်ကို သိရှိထားသဖြင့် လက်နက် ကုန်သည်၏ ကိုယ်စား ရဲဟိန်း‌ဇော်မှ ဆိုသူမှ စတင်ချည်းကပ်လာခဲ့သည်။

ထို့အတွက် ရဲဟိန်းဇော်မှ လက်နက်ကုန်သည် ကိုယ်စား ဖြိုးဟိန်းထွတ်အား စုစုပေါင်း ဒေါ်လာ ၄,၀၀၀ အား ဇူလိုင်လ ၂၂ နှင့် ၂၃ ရက် နေ့ များတွင် နှစ်ကြိမ်ခွဲ၍ လွှဲပေးခဲ့ပြီး လုပ်ငန်းအောင်မြင်ပါက နောက်ထပ် ဒေါ်လာ ၁,၀၀၀ ထပ်ပေးမည်ဟု ဆိုသည်။

ကုလ မြန်မာသံရုံးအား စေတနာဝန်ထမ်း စောင့်ရှောက်ပေးနေသော လုံခြုံရေး အစောင့်မှ မိမိအား ဖြိုးဟိန်းထွဋ်က ဆက်သွယ်ပြီး “ကြေးစား လူသတ်သမား ငှားပြီး သံအမတ်ကြီးအား သတ်ပစ်ရန်” သူ၏ အကြံကို ထုတ်ပြောလာသည်ဟုလည်း ထွက်ဆိုသွားခဲ့သည်။

ရဲဟိန်းဇော်မှ ဖြိုးဟိန်းထွဋ်အား ငွေလွှဲပေးကြောင်း ဝန်ခံခဲ့ပြီး လက်နက်ကုန်သည် ကိုယ်စား အခြားလူ များကိုလည်း ငွေလွှဲပေးရကြောင်း နှင့် မကြာမီကမှ ၎င်း၏ တောင်းဆိုချက်ဖြင့် အမေရိကန် လာမည့် လူနှစ်ဦးအတွက် လေယာဉ်လက်မှတ် ဘုတ်ကင်လုပ်ပေးခဲ့ရကြောင်းပါ ထွက်ဆိုခဲ့သည်။

၎င်းတို့ နှစ်ဦးအကြား တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောဆို နေမှုများအားလည်း အသံဖမ်းယူ နိုင်ခဲ့သည်။ အဆိုပါ ထိုင်းနိုင်ငံရှိ လက်နက်ကုန်သည်သည် မြန်မာ စစ်တပ်ကို လက်နက်များ ရောင်းချပေးနေသူဟုလည်း နယူးယောက် တောင်ပိုင်း ခရိုင်အစိုးရရှေ့နေရုံး၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

တရားခံ နှစ်ဦးသည် နယ်ခြားများ၊ သမုဒ္ဒရာများကို ဖြတ်ကျော်၍ နိုင်ငံတကာ ခေါင်းဆောင်တဦးအပေါ် အကြမ်းဖက် တိုက်ခိုက်ရန် အမေရိကန် မြေကို ခြေချလာကြသူ များ ဖြစ်ကြောင်း နယူး‌ယောက် မြို့တော် ရဲအဖွဲ့၏ ကော်မရှင်နာ မင်းကြီး ဒါးမော့ ရှီယာက ကြေညာချက်ထဲတွင် ထည့်သွင်း ဖေါ်ပြခဲ့သည်။

ထိုအမှု ကို အချိန်တိုအတွင်း ဖေါ်ထုတ်နိုင်ခဲ့သည့်အတွက် FBI နှင့် နယူးယောက် မြို့တော် ရဲအဖွဲ့အား လည်း ချီးကြူးထားသည်။ ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့အတွက် လုံခြုံရေးကို စေတနာ့ ဝန်ထမ်း တာဝန်ယူပေးနေသူ တစ်ယောက်ထံမှာ ဖြိုးဟိန်းထွဋ်က စတင် ဝန်ခံ ပြောဆိုခဲ့ရာကနေ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ ဒီအမှုကိစ္စ ပေါ်ပေါက်လာတာလို့ နားလည်ရပါတယ်။

ထိုအမှု နှင့် ပတ်သက်၍ သတင်းပေးလိုသည်များ ရှိက FBI ဖုန်းနံပါတ်အား ဆက်သွယ်ရန်လည်း ပါရှိသည်။ အဆိုပါ အမှုသည် ထိုမျှလောက်နှင့် ပြီးဆုံးသွားမည် မဟုတ်ပဲ မီးခိုးကြွက်လျှောက် ထွက်ပေါ်လာတော့မည် ဖြစ်သည်။

အသေချာဆုံးကတော့ လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ အကြမ်းဖက် လူသတ်အဖွဲ့၏ ကိုယ်စားလှယ် စေလွှတ်ရေး သည် နိဌိတံ သွားခဲ့ရပြီ ဖြစ်သည်။

ကိုးကား – Reuters / US Attorney’s Office Southern District of New York