
ချွတ်ရခက်ပြီး အရမ်းကြပ်တဲ့ လက်စွပ်တွေကို ဝတ်မိပြီး ပြန်ချွတ်တဲ့အခါမှာ ကြိုးစားပမ်းစားနဲ့ အားကုန်သုံးပြီး ချွတ်ကြရပါတယ်။ တခါတလေ လက်ချောင်းတွေကိုပဲ ဖြတ်ပြစ်ရတော့မလားဆိုပြီး လွန်ကဲတဲ့ စိတ်ပူပန်မှုကို ခံစားကြရတဲ့အထိ ဖြစ်ကြရပါတယ်။ အခုတခေါက်မှာတော့ ကြပ်လွန်းပြီး ချွတ်ရခက်တဲ့ လက်စွပ်တွေကို အိမ်မှာပဲ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ ချွတ်လို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နည်းလမ်း ( ၁ ) ချောဆီအသုံးပြုခြင်း
ချွတ်ရခက်တဲ့ လက်စွပ်တွေကို ချောဆီအသုံးပြုပြီး ချွတ်တာကလည်း လွယ်ကူလျင်မြန်ပြီး အဆင်ပြေစေတဲ့ နည်းလမ်း ၁ ခုပဲ ဖြစ်ပါတယ်။ မှန်ကြည်ဆေး ၊ ပန်းကန်ဆေး ဆပ်ပြာဆီ ၊ Body Lotion စတဲ့ ကိုယ့်ရဲ့ လက်တကမ်းမှာရှိတဲ့ ချောဆီများကို အသုံးပြုနိုင်ပါတယ်။ တခုသတိထားရမှာကတော့ ချောဆီကို အသုံးပြုပြီး လက်စွပ်ချွတ်တဲ့အခါ ကိုယ့်ရဲ့လက်အောက်မှာ ဘာပစ္စည်းမှ မထားရှိပဲ ပုံမှာ ပြထားတဲ့အတိုင်း လက်ကို မြှောက်ထားရမှာ ဖြစ်ပါတယ်။
မှန်ကြည်ဆေး အသုံးပြုခြင်း
ပုံမှာ ပြထားတဲ့အတိုင်း လက်စွပ်တဝိုက်ကို မှန်ကြည်ဆေးနဲ့ နှံ့အောင် ဖြန်းရပါမယ်။ ဒါ့အပြင် လက်စွပ်ဝတ်ထားတဲ့ လက်ချောင်းရဲ့ လက်ဆစ်တဝိုက်ကိုလည်း မှန်ကြည်ဆေးနဲ့ ဖြန်းဖို့လိုပါတယ်။
လက်စွပ်ကိုရော လက်ချောင်းတဝိုက်ကိုပါ မှန်ကြည်ဆေးဖြန်းပြီးတဲ့အခါမှာတော့ လက်စွပ်ကို ရှေ့ နောက် လှုပ်ကြည့်ပြီး ဖြေးဖြေးချင်း ချွတ်ကြည့်ပါ။ အလွယ်တကူ ကျွတ်လာပါလိမ့်မယ်။ ပန်းကန်ဆေးဆပ်ပြာဆီနဲ့ Body Lotion ကိုလည်း အထက်ပါ ဖော်ပြထားတဲ့ ( မှန်ကြည်ဆေးကို အသုံးပြုပြီး ချွတ်တဲ့ ) နည်းလမ်းအတိုင်း အသုံးပြုပြီး ချွတ်နိုင်ပါတယ်။
နည်းလမ်း ( ၂ ) ကြိုးနဲ့ သွားကြားထိုးတဲ့ အသုံးပြုခြင်း
လိုအပ်တဲ့ ပစ္စည်းတွေကတော့ အပ်ချည်ကြိုးလို သေးမျှင်တဲ့ ကြိုးနဲ့ သွားကြားထိုးတံ တချောင်းပဲ ဖြစ်ပါတယ်။ အဆင့် ( ၁ ) ပုံမှာပြထားတဲ့အတိုင်း အပ်ချည်ကြိုးကို သွားကြားထိုးတဲ့နဲ့ ချည်လိုက်ပါ။ ပြီးတဲ့အခါ လက်နဲ့ လက်စွပ်ကြားကို အပ်ချည်ကြိုးချည်ထားတဲ့ သွားကြားထိုးတဲ့ကို ထည့်လိုက်ပါမယ်။ ပြီးရင်တော့ အပ်ချည်ကြိုးချည်ထားတဲ့ သွားကြားထိုးတံကို ဖြုတ်လိုက်ပါ။ အပ်ချည်ကြိုးအစတဖက်ကို လက်ချောင်းနဲ့ လက်စွပ်ကြားမှာ ရစ်ပတ်လိုက်ပါ။ သတိထားရမှာ တခုကတော့ ကြိုးကို အရမ်းတင်းကြပ်ပြီး မပတ်မိစေဖို့ပါပဲ။
အဆင့် ( ၂ ) အနေနဲ့ကတော့ အပ်ချည်ကြိုးကို လက်ချောင်းတခုလုံးမှာ ရစ်ပတ်လိုက်ပါ။ ပြီးတဲ့အခါမှာတော့ လက်စွပ်ရဲ့အောက်မှာထွက်နေတဲ့ အပ်ချည်ကြိုးစကို ဆွဲဖြည်လိုက်ပါ။ ဒီလိုနဲ့ လက်စွပ်ကို အလွယ်တကူ ချွတ်လို့ရနိုင်ပါတယ်။ ( အပ်ချည်ကြိုး အလွယ်တကူမရှိရင်တော့ ပီနံကြိုး သေးသေးမျှင်မျှင်လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ )
နည်းလမ်း ( ၃ ) ရေခဲရေစိမ်ခြင်း
ဒီနည်းလမ်းကတော့ အိမ်မှာ ရေခဲရေ ဒါမှမဟုတ် ရေခဲတုံး ရှိရုံနဲ့ လွယ်လင့်တကူ လုပ်လို့ရတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ခွက်အလွတ် တလုံးထဲမှာ ရေခဲရေ ဒါမှမဟုတ် ရေခဲတုံးတွေစိမ်ထားတဲ့ ရေ ( ရေက အေးလေ ကောင်းလေ ) ဖြည့်လိုက်ပါ။ ပြီးတဲ့နောက်မှာတော့ လက်စွပ်ဝတ်ထားတဲ့ လက်ကို အဆိုပါ ခွက်ထဲမှာ မိနစ်အနည်းငယ်လောက် စိမ်ထားပြီး လက်စွပ်ကို ရှေ့နောက် လှုပ်ရှားပြီး ချွတ်လိုက်ပါ။ ရေအေးတွေက ခန္ဓာကိုယ်တွင်း အပူဓာကို ကျဆင်းစေပြီး အသားကို ကျုံ့သွားစေတဲ့ ဓာတ်ရှိတဲ့အတွက်ကြောင့် ရေခဲရေနဲ့ လက်စွပ်ချွတ်တာကလည်း လွယ်ကူအဆင်ပြေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
ကြပ်နေတဲ့ လက်စွပ်တွေကို ချွတ်တဲ့အခါ သေချာအချိန်ယူပြီး စိတ်ရှည်ဖို့တော့ လိုပါတယ်နော်။ လက်စွပ်ကြပ်ကြပ်ကို ချွတ်ရခက်တဲ့အချိန်မှာ ကိုယ်က စိတ်တို ဒေါသထွက် စိတ်မရှည်ဖြစ်နေရင်တော့ ခန္ဓာကိုယ်က အပူဓာတ်တွေကို ထုတ်လွှင့်တဲ့အတွက် အသားတွေက ပိုပွလာစေပါတယ်။ အဲ့လိုဆိုရင်တော့ လက်စွပ်က ချွတ်ဖို့ ပိုခက်ခဲသွားတတ်လို့ သတိထားစေချင်ပါတယ်နော်။