မျက်လုံးတစ်ဝိုက်မှာ ပေါ်လာတတ်တဲ့ အဖြူရောင်အဖုလေးတွေရဲ့ အကြောင်း

Advertisements

သင့်မျက်လုံးတစ်ဝိုက်မှာ အဖြူဖုလေးတွေ ပေါ်လာတာကို ကြုံဖူးမှာပါ။ တချို့လူတွေကတော့ ဒါကို ဝက်ခြံလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဝက်ခြံနဲ့ ဖွဲ့စည်းပုံက ကွဲပြားပြီး ဖြစ်တာချင်းလဲ မတူညီကြပါဘူး။

အဖြူရောင်အဖုလေးတွေက ဘာတွေလဲ။

ဒီအဖုလေးတွေရဲ့ နာမည်က ရင်းနှီးပုံမပေါ်ပေမယ့် milia cysts လို့ ခေါ်ပါတယ်။ အများအပြား ပေါ်လာတဲ့အခါမှာတော့ သူတို့ကို milia လို့ ခေါ်ပါတယ်။ ဒီသေးငယ်တဲ့ အရေပြားပြဿနာဟာ ဘယ်လူမျိုး ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မွေးကင်းစ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။

အရေပြားအောက်မှာ keratin (ပရိုတင်း) ဓာတ်တွေ စုပုံလာတဲ့အခါမှာ ဒီအရည်အိတ်တွေ ပေါ်လာတတ်ပါတယ်။ အစပိုင်းမှာတော့ အဖြူရောင်လေးတွေ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ အဝါရောင်အဖြစ် ပြောင်းလဲသွားပြီး အချင်း ၁ မီလီမီတာကနေ ၂ မီလီမီတာအထိ ရှိပါတယ်။

တကယ်တော့ သူတို့ဟာ မွေးကင်းစကလေးတွေရဲ့ 50% လောက်မှာ ပေါက်တတ်ပြီး ကလေးတွေရဲ့နဖူး၊ ပါး၊ နှာခေါင်းနဲ့ မေးစေ့တွေမှာ အဖြစ်အများဆုံး တွေ့ရပါတယ်။ တစ်ခါတစ်လေကျတော့လည်း ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် ကလေးရဲ့ ခြေလက်တွေမှာလည်း ပေါ်နိုင်ပါတယ်။

ဒီအဖုလေးတွေဟာ နာကျင်မှုကို မဖြစ်စေပေမယ့်လည်း milia နဲ့ အင်္ကျီအဝတ်စားကြမ်းတာနဲ့ ပွတ်တိုက်မိရင်တော့ အရေပြားနီခြင်းနှင့် ယားယံခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ဖြစ်ရတဲ့ အကြောင်းအရင်း

မွေးကင်းစ ကလေးငယ်တွေမှာ milia ဖြစ်ရတဲ့ အကြောင်းရင်း အတိအကျကိုတော့ မသိရသေးပါဘူး။ သိပ္ပံပညာရှင်တွေကတော့ မွေးကတည်းက တစ်ခါတည်းပါလာတာလို့ ယူဆထားကြပါတယ်။ အရွယ်ရောက်ပြီးသူတွေကတော့ အရင်က အရေပြားပျက်စီးမှုအချို့ဖြစ်ဖူးတာနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဆိုထားပါတယ်။ ဆက်စပ်မှုရှိနိုင်တာကတော့..

ရေယုန် ၊ မီးပူလောင်ခြင်း ၊ နေလောင်ခြင်း ၊ စတီးရွိုက်ခရင်မ်များကို ကြာရှည်အသုံးပြုခြင်း ၊ အဆီပြန်ခြင်း ဒါမှမဟုတ် လေဆာကို အသုံးပြုပြီး အသားအရေကို ပြန်လည်ပြုပြင်ထားခြင်း၊ အရေပြား သဘာဝအတိုင်းဆုံးရှံးခြင်း တို့ကြောင့်ပါ။

သူတို့ကို ဘယ်လိုဖယ်ရှားရမလဲ။

Milia ကို သိပ်အာရုံမထားပဲ မေ့ထားလိုက်မယ်ဆိုရင် လအနည်းငယ်အတွင်း သူတို့ဘာသာ ပျောက်သွားတတ်ပါတယ်။ တကယ်လို့ သင်က သူတို့ကို ချက်ချင်းကြီးဖယ်ရှားပစ်ချင်တယ် ဆိုရင်လည်း မလွယ်ကူပါဘူး။

သူတို့ကို ဖျစ်ညှစ်ပြီး ထုတ်ပစ်ဖို့ ကြိုးစားရင်လည်း ထွက်မသွားပဲ နီရဲနေတတ်ပါတယ်။ အကျိုးဆက်ကတော့ အမာရွတ် ကျန်ခဲ့ပြီးတော့ ထပ်ပြီးလည်း ကူးစက်သွားနိုင်တဲ့ အလားအလာလည်း ရှိပါတယ်။ မျက်နှာက နီရဲပြီး ယားယံတာကိုလည်း သင်ကြုံတွေ့ရနိုင်ပါတယ်။

milia ကို ဖယ်ရှားဖို့ သေချာတဲ့ ကုသမှု မရှိပေမယ့်လည်း သူတို့ကို တားဆီးဖို့နှင့် မျက်နှာကို အမြန်ပြန်လည် ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်တဲ့နည်းတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေဟာ လွယ်ကူပြီးတော့ သင်ကိုယ်တိုင် အိမ်မှာ လုပ်ဆောင်နိုင်ပါတယ်။

ဆပ်ပြာအပျော့စားနဲ့ အဖုလေးတွေရှိတဲ့နေရာကို နေ့စဉ်ဆေးကြောပါ။ ချွေးပေါက်တွေကို ဖွင့်ဖို့ ရေနွေးငွေ့ကို အသုံးပြုပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် အရေပြားကို သန့်စင်ပေးပါ။ နေရောင်နဲ့ အလွန်အကျွံထိတွေ့ခြင်းကို ရှောင်ကြဉ်ပြီး နေရောင်ကာခရင်မ်ကို အသုံးပြုပါ။ လိမ်းဆေးတွေ၊ အဆီအခြေခံ ထုတ်ကုန်တွေကို ရှောင်ပါ။ လိမ်းဆေး retinoids (ဗီတာမင် A ခရင်မ်တွေ ဒါမှမဟုတ် ဂျယ်) ကို ရွေးချယ်ပါ။

ဒီလိုအဖုတွေ ပေါ်လာတဲ့အခါမှာ အရေးပေါ်ဆေးကုသမှု ခံယူဖို့ မလိုအပ်ပေမယ့်လည်း အလှပြင်မှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် လူအချို့တွေဟာ ဒါတွေကို ဖယ်ရှားပစ်ကြပါတယ်။

ဒီလို အခြေအနေကို အရေပြားအထူး ကုဆရာဝန်က မေ့ဆေးမထိုးပဲ ပိုးသတ်ဆေးနဲ့ပဲ သင့်ကို ကူညီပေးနိုင်ပါတယ်။ အခြားကုသမှု အမျိုးအစားတွေ အများကြီး ရှိပေမယ့်လည်း ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေနှင့်ပဲ အမြဲစစ်ဆေးသင့်ပါတယ်။