ချမ်းသာသူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဆန္ဒကိုဘဝနဲ့ ထိန်းနိုင်ရမယ်

Advertisements

တစ်ခါကသားအဖနှစ်ယောက် အလွန်စည်ကားသော စျေးကြီးတစ်စျေးအတွင်းသို့ ရောက်ရှိလာသောအခါအသက်၁၀နှစ်ခန့်ရှိသားငယ်မှ အဖေဖြစ်သူအား ဗိုက်ဆာတယ်အဖေရှေ့မှာယုန်ကင်တွေရောင်းနေတယ်သားကိုဝယ်ကျွေးပါတဲ့။ သား…တစ်ကောင်ဘယ်လောက်လဲ သွားမေးလိုက်လို့အဖေကပြောလိုက်ပါတယ် အဲ့ဒါနဲ့သားဖြစ်သူလည်း ယုန်ကင်သည်ကိုသွားမေးတော့ ယုန်တစ်ကောင်ငါးကျပ်လို့စျေးသည်ကပြန်ပြောပါတယ်။

သားဖြစ်သူလည်း အဖေတစ်ကောင်ငါးကျပ်တဲ့ဗျ သားကိုဝယ်ကျွေးနော်ဆိုတော့ အဖေကသူ၏လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ တစ်ဆယ်တန်လေးတစ်ရွက်ကိုကြည့်ရင်း အံကိုကြိတ်ပြီး သားဖြစ်သူကိုပြောလိုက်ပါတယ်။ယုန်တစ်ကောင်ကိုငါးကျပ်တဲ့လား ?မစားပါနဲ့အုံးသားရယ်…လာသွားရအောင် သား… ဗိုက်ဆာနေရင် အဖေတခြားဟာ ဝယ်ကျွေးပါ့မယ်လို့ပြောပြီး သားဖြစ်သူရဲ့လက်ကိုဆွဲပြီး အဲ့ဒီနေရာကနေ ထွက်လာခဲ့တယ်။

ပြီးတော့မှ ဘိန်းမုန့်၂ခုတစ်ကျပ်ဖိုး သားဖြစ်သူဗိုက်ပြည့်စေဖို့ ဝယ်ကျွေးခဲ့ပါတယ်။ ဒီလိုနဲ့နောင်၁၅နှစ်လောက်ကြာတဲ့အခါအဲဒီစျေးကြီးထဲကိုပဲ သားအဖနှစ်ယောက်ပြန်ရောက်လာတဲ့အခါသားဖြစ်သူက ပူဆာပြန်ပါတယ်။ အဖေ ဟိုမှာယုန်ကင်သည်ရှိသေးတယ်ဗျ။သားကို ယုန်ကင်တစ်ကောင်လောက်ဝယ်ကျွေးပါဆိုတော့အဖေကသားတစ်ကောင်ဘယ်လောက်လဲ ?သွားမေးချည်ဆိုတော့လွန်ခဲ့တဲ့ ၁၅နှစ်လောက်က တစ်ကောင်ငါးကျပ်သာရှိတဲ့ယုန်ကင်ဟာ အခု တစ်ကောင်ငါးဆယ်ဖြစ်နေပါပြီ။

ဟာ… အဖေစျေးကြီးလိုက်တာ တစ်ကောင်ငါးဆယ်တဲ့ဗျ ဒီမှာသား …ငါးဆယ်မကလို့ငါးထောင်ဖြစ်နေပါစေ အခုအချိန်မှာငါ့သားစားချင်ရင်တစ်ကောင်မဟုတ်ဘူး နှစ်ကောင်စားလို့ အဖေကပြောတဲ့အခါသားဖြစ်သူက အံ့သြတဲ့မျက်နှာနဲ့ ဟင်! ဟိုတခါ သားစားချင်တယ်ဆိုတော့ အဖေ သားကိုဝယ်မကျွေးပဲ အခုကြ နှစ်ကောင်တောင်ဝယ်ကျွေးနေပါ့လားအဖေရ… ဆိုတော့

ဒီမှာသား ဟိုတခါ အဖေဝယ်မကျွေးခဲ့တာ အဲဒီတုန်းက သားအဖနှစ်ယောက်ဆင်းဆင်းရဲရဲနဲ့ဘဝကိုဖြတ်သန်းနေတဲ့အချိန်မှာ အဖေ့လက်ထဲ တစ်ဆယ်တန်လေးတစ်ရွက်ပဲရှိတယ်ငါ့သားအဲဒီအချိန်တုန်းက ယုန်တစ်ကောင်ငါးကျပ်အဖေဝယ်ကျွေးရင်ရနိုင်ပေမဲ့ အဖေ့လက်ထဲမှာ ကျန်ခဲ့မဲ့ငါးကျပ်တန်တစ်ရွက်က အဖေတို့သားအဖနှစ်ယောက် မနက်ဖြန်အတွက် တကယ်လိုအပ်မဲ့ ဆန်၊ ဆီ၊ ဆား စတာတွေကို ဝယ်ဖို့ မလုံလောက်ဘူးသား

အဲ့ဒါကြောင့် သားကိုဝယ်ကျွေးချင်တဲ့ဆန္ဒကိုချိုးနှိမ်ပြီး ဘိန်းမုန့်၂ခု တစ်ကျပ်ဖိုးသာ အဖေဝယ်ကျွေးခဲ့တာပါအခုအဖေတို့က အရင်တုန်းကလိုမဟုတ်တော့ဘူးလေအခုအဖေတို့ချမ်းသာနေပြီငါ့သားစားချင်တာ လုပ်ချင်တာမှန်သမျှကိုအခုအချိန်မှာ အဖေအကုန်လုပ်ပေးနိုင်တယ်ငါ့သားတဲ့

ပုံပြင်လေးကတော့ဒါပါပဲ…ကျွန်တော်တို့တစ်တွေလည်း ဘဝကို ကိုယ့်အားကိုယ်ကိုးဖြတ်သန်းနေကြတဲ့အချိန်မှာ လိုချင်တာ.လုပ်ချင်တာ.ဝတ်ချင်တာ.စားချင်တာမှန်သမျှကို ပုံပြင်ထဲက အဖေဖြစ်သူလို ဆန္ဒကို ချိုးနှိမ်ထားရပါမယ်။ ကိုယ့်ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့အချိန်မှာပိုက်ဆံရှိချမ်းသာနေတဲ့သူတွေနဲ့ လိုက်ပြီးတန်းမညှိသင့်ပါဘူး။

ဥပမာတစ်ခုပြောရရင်…အခုလက်ရှိ ပိုက်ဆံချမ်းသာတဲ့သူတစ်ယောက်ဟာထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီးစားနိုင်ပါတယ်အင်္ကျီတစ်ထည် ၅၀,၀၀၀ပေးပြီးဝတ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ ကျွန်တော်တို့ခင်ဗျားတို့တစ်တွေဟာအမြဲတမ်းမဟုတ်ပေမဲ့ အခါအားလျှော်စွာသူဌေးတွေလို ထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီးစားနိုင်သလိုအင်္ကျီတစ်ထည် ၅၀,၀၀၀ပေးပြီး လိုက်ဝတ်နိုင်ပါတယ်..

ဒါပေမဲ့ တန်ဘိုးချင်းတူပေမဲ့ပေးဆပ်ရပုံချင်း မတူပါဘူး …ပိုက်ဆံချမ်းသာတဲ့သူဌေးတစ်ယောက်ရဲ့လုပ်အားနဲ့ရတဲ့ငွေတစ်သိန်းဟာ မိနစ်ပိုင်းလေးနဲ့ဖြစ်နိုင်ပေမဲ့ကျွန်တော်တို့တွေရဲ့လုပ်အားနဲ့ရတဲ့ငွေတစ်သိန်းကတော့ မိနစ်ပိုင်းလေးနဲ့မဖြစ်နိုင်လို့ပါပဲ နောက်ဆုံးစကားအနေနဲ့…ယုန်တစ်ကောင်ငါးကျပ် မစားနဲ့ငါးဆယ်ဖြစ်မှစား.. လို့ပြောလိုက်ပါရစေ