
မင်းတုန်းဘုရင်ကြီး တနေ့တာ (သက်တော်၆၀နောက်ပိုင်း နေ့စဉ်ပြုမူသော မှတ်တမ်း)။ မင်းတုန်းမင်းကြီး နံနက်ခင်းထလျှင်ထချင်း အနှိပ်အကျော်အမော် ကသည်းပုဏ္ဏားတို့မှ အနှိပ်တော်ဆက် ရပြီး အနှိပ်တော်ဆက် နေစဉ်တွင်လည်း တိုင်းရေးပြည်ရေးသိလိုသမျှ ဘုရင်မင်းကြီးမှမေးသမျှကို ရိုသေစွာ လျှောက်ထားဖြေကြားရသည်။ အနှိပ်တော်ခံပြီးလျှင် ကတိုးနံ့သာ၊ မွှေးရနံ့များကို လိမ်းကျံပေးရပြန်ပါတယ်။

အဲ့ဒီနောက်မှာ ရေအိမ်တော်(အိမ်သာ)သို့ အလှည့်ကျ မိဖုရားတစ်ပါးနှင့်ဝင်ပြီး မိဖုရားက ထောက်လှမ်းချက်ရသော စကားများ၊ အလိုတော် မေးတော်ရှိသော စကားများကို ပြန်လည်လျှောက်ထားရန် ဖြစ်ပါတယ်။ အိမ်သာမှ ထွက်သောအခါ တာဝန်ကျပုဂ္ဂိုလ်တစ်ဦး (အငြိမ့်အပျိုတော်) မှ သေမိန့်ကျသော သေသူစာရင်းကိုဖတ်ကြားလျှောက်ထားပေးရသည်။ ထိုအချိန်တွင်ဘုရင်ကြီးမှ သေမိန့်ကျသူအား ဆိုင်းငံ့စေ ဆိုလျှင် သက်ဆိုင်ရာကပြန်၍ အမှုကိုစစ်ဆေးပေးရပြီး ဘုရင်ကြီး မှ ဘာမျှမမိန့်ကြားပဲ မျက်နှာလွှဲ၍ သွားလျှင် သေမိန့်ကျသူအား စီရင်ရန်ခွင့်ပြုတော်မူခြင်းဖြစ်သည်ဟု နားလည်ရသည်။

ထို့နောက် သားတော်ကြီးများက မျက်နှာသစ်တော်ရေဆက်သ၍ မျက်နှာသစ်ပါတယ်။ မျက်နှာသစ်နေစဉ်တွင် ဖိုးသူတော် ဦးဓမ္မိမှ နေ၍ ကမ္မဌာန်းတရားများကို ဖတ်ကြား သံတော်ဦးတင်ရသည်။ မျက်နှာတော်သစ်ပြီးနောက် ၁၂ ရာသီရွှေဖလားကြီးတွင် ထည့်၍ ပြင်ဆင်ထားသော ဟင်းလျာပွဲတော်အုပ် ၅၀ ခန့်ကို မိန်းမစိုးများမှနေ၍ ဆက်သရပြီး တဖန် ဘုရင်ကြီးမှနေ၍ ဘုရားဆွမ်းတော်တင်သည်။ ထို့နောက် ရွှေဖလားကြီးနှင့်အပြည့်ထည့်၍ထားသော ပေါက်ပေါက်ပန်းများကို ရွှေလင်ဗန်းအတွင်းတွင် စေတီပုံသဏ္ဍာန် ကိုယ်တော်တိုင် ဘုရား တည်ကာ ရွှေကရားနှင့်ရေစက်သွန်းချ အမျှဝေ၍ ဘုရားရှိခိုးသည်။

ဘုရားရှိခိုးပြီးနောက်တွင် စားတော်ဝန်မှ ကြီးကြပ်၍ ယူဆောင်လာသော ပွဲတော်အုပ်များကိုလည်းကောင်း၊ မိဖုရားခေါင်ကြီး စင်္ကြာဒေဝီ ထံမှ ယူဆောင်လာသော ပွဲတော်အုပ်များကိုလည်းကောင်း ပြင်ဆင်ခင်းကျင်းကာ တာဝန်ကျ မိဖုရား၊ သမီးတော်များမှနေ၍ ပွဲတော်ဆက်သပြီး ပွဲတော်တည်တော်မူသည်။ ပွဲတော်တည်နေစဉ်တွင် သမီးတော်နှစ်ပါးက လက်ဝဲလက်ယာ ဒေါင်းမြီးယပ်နှင့်ခပ်ကာ ကမ္မဌာန်းတရားများကို ရွတ်ဖတ်တင်လျှောက်ရသည်။

ပွဲတော်သုံးဆောင်ပြီးလျှင် ရတနာသလွန်တော်တွင် စံနေ၍ တရားစာကို ခေတ္တခဏ ကြည့်တော်မူစဉ် မိဖုရားခေါင်ကြီး၊ အလယ်နန်းမိဖုရားကြီး၊ အနောက်နန်းမိဖုရားကြီးတို့ကစ၍ မိဖုရားအပေါင်းတို့က အပါးတော်တွင် ရိုသေစွာဝပ်တွားခစားနေရသည်။ ၉နာရီအချိန်ခန့်သို့ရောက်လျှင် မိဖုရားခေါင်ကြီးမှနေ၍ ဘုရင်ကြီးစံရာ သလွန်ပေါ်သို့တက်ကာ ရတနာဘီးကုတ်နှင့် ဆံတော်ရှင်းပေးရပြီး ထို့နောက် ဘုရင်ကြီးသည် ညီလာခံသို့ဝင်တော်မူသည်။ ညီလာခံ ကွဲပြီးနောက်မှာ နန်းတော် နောက်ပိုင်းကိုဝင်ပြီး မိဖုရားများ သမီးတော်များနဲ့ တွေ့ကာ မေးသင့်တာမေး၊ ဆွေးနွေးသင့်တာ ဆွေးနွေးတယ်။

သတင်းထူး၊ အကြောင်းထူး မရှိရင် တောင်နန်းတော်မှာ စာကြည့်တယ်။ နေ့လည် တစ်နာရီလောက်မှာ တောင်နန်းတော်မှာပဲ အချိုပွဲသုံးဆောင်တယ်။ ပြီးရင် ဗိုလ်ရှုခံ ထွက်တော် မူတယ်။ အဲ့ဒီနောက်မှာ သံဃာတော်တို့အား ပင့်ဖိတ်၍ ရေစစ်၊ သင်္ကန်း၊ ဆီမီး၊ လက်ကိုင်ပုဝါ အစရှိသည်တို့ကို လှူတော်မူကာ တရားနာယူပါတယ်။ တရားနာပြီးတဲ့နောက်မှာ ဘယ်လို အကြောင်းပင်ရှိရှိ အရေးမပြုပဲ မှန်စီခန်းတော်မှာ တစ်ပါးတည်း ပုတီးစိပ်ကာ တရားထိုင်ပါတယ်။ တရားထိုင်ပြီးတဲ့နောက်မှာ ဆောင်တော်ဦးက သလွန်တော်မှာစံနေပြီး မိဖုရားများက ဒေါင်းတောင်ဖြင့်ခတ်၍ အခစားဝင်ရပါတယ်။

ညပွဲတော်တည်ချိန်ရောက်တဲ့အခါမှာလည်း အလှည့်ကျမိဖုရား၊သမီးတော်များက ပွဲတော်ကို ဆက်သရပြီး နံနက်ပွဲတော်တည်ချိန်ကလိုပင် သမီးတော်နှစ်ပါးက ကမ္မဌာန်းရွတ်ဖတ်လျောက်ကြားရပါတယ်။ ပွဲတော်တည်ပြီး ကျန်ရှိတဲ့ပွဲတော်ကျကို သမီးတော်များမှနေ၍ မြေးတော်လေးများအား ခွဲဝေပေး၍ ပျော်ရွှင်စွာ သူ့ထက်ငါ အလုအယက်စားကြသည်ကို ဘုရင်ကြီးမှ ကြည့်တော်မူ၍ ဝမ်းသာပီတိဂွမ်းဆီထိကာ နှလုံးပျော်ရွှင် ဖြစ်ရပါတယ်။

ညပွဲတော်တည်ပြီးနောက်မှာ ဘုရင်ကြီးနှင့်အတူ မိဖုရားခေါင်ကြီး၊ နန်းရမိဖုရားကြီးများပါ လိုက်ပါခစား၍ ည ညီလာကို ခံတော်မူသည်။ တခါတရံ ဘုရင်ကြီး မအားလပ်သောအခါများတွင် နန်းရမိဖုရားကြီးတပါးပါးမှနေ၍လည်းကောင်း၊ ဘုရင်ခွင့်ပြုသော မိဖုရားတစ်ပါးပါးကသော်လည်းကောင်း ညညီလာကို ဦးစီးဦးဆောင်၍ ကျင်းပလေ့လဲရှိသည်။ ညညီလာခံသည် ညတစ်နာရီ ခွဲမှသာ ပြီးတော်မူ၍ ဘုရင်ကြီးလည်း ထိုအချိန်ရောက်မှသာ စက်တော်ခေါ်ရသည်။

စက်တော်ခေါ်နေစဉ် စာတော်ဖတ်က ဘုရင်ကြီး အား ဦးသုံးချိန် ကို ဦးစွာချ၍ မြင့်သောနေရာကိုတက်ကာ နံနက်အလင်းတိုင်အောင် တရားစာကိုဖတ်ရသည်။ ဤသည်မှာ မင်းတုန်းဘုရင်ကြီး သက်တော် ၆၀ကျော်အရွယ် အမြတ်နိုးဆုံးသော မင်္ဂလာအိမ်တော်ပါ မြောက်နန်းမိဖုရားကြီးခင်သဲ ကံတော်ကုန်ပြီးမှ ပြုလုပ်ဆောင်ရွက်သော နေ့စဉ်မှတ်တမ်းများ ဖြစ်ပြီး သမီးတော်ဖြစ်သူ ဟင်္ဂမော်မင်းသမီးမှ ရေးသားမှတ်တမ်းတင်ထားခြင်းကို ကူးယူဖော်ပြခြင်း ဖြစ်သည်။ ကိုးကား ကုန်းဘောင်အလွန် မောင်သန်းဆွေ (ထားဝယ်)၊ မင်းတုန်းဘုရင်ကြီးတနေ့တာ ဒေါ်ကြန်၊ မင်းနန်သူ