ခေါက်ဆွဲခြောက်ကို လေယာဉ် (၄) စီးနှင့် လဲခဲ့သူ (သို့) တရုတ်နိုင်ငံ၏ စိတ်ကူးအကောင်းဆုံး လုပ်ငန်းရှင်

Advertisements

လေယာဉ် (၄) စီးကို ခေါက်ဆွဲခြောက်ဖြင့် လဲလို့ရမည်ဟု သင်ထင်ပါသလား။ တရုတ် ဖီးနစ် တစ်ယောက် ကတော့ လဲပြဖူးပါသည်။ သူ့နာမည်က မော်ကီချောင်း။ ၁၉၇၉ တွင် ထောင်မှ လွတ်လာသည်။ အစိုးရထံမှ ငွေချေးကာ နိုးစက်နာရီများ စရောင်းသည်။ ထိုမှတဆင့် အမြတ် ရရှိလာသည်။

ကြီးပွားမည့် အခွင့်အလမ်း ရှာဖွေရာမှ စီချွမ် လေကြောင်းလိုင်း အကြောင်း သိလာသည်။ ၎င်းတို့မှာ လေယာဉ် ဝယ်၍ ပျံသန်း လိုသော်လည်း ဝယ်ရန် ငွေမရှိ။ ၎င်းတို့ လိုချင်သော လေယာဉ်မှာ ဆိုဗီယက်တွင် ရှိသည်။ မည်သို့ အကျိုးဆောင်ရင် ကောင်းမလဲ စဉ်းစားရာမှ ဆိုဗီယက်တို့လည်း လူသုံးကုန် ပစ္စည်းများ အရေးတကြီး လိုအပ်နေသည်ကို သိလာသည်။ တရုတ်မှာလည်း အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးနေပြီ ဖြစ်ရာ ထိုပစ္စည်းများ ကောင်းစွာ ထုတ်နိုင်သည်။

ထိုကြောင့် ဆိုဗီယက် တာဝန်ရှိသူ များကို သွားရောက်၍ အထည်၊ ဖိနပ်နှင့် ခေါက်ဆွဲခြောက်များကို လေယာဉ်နှင့် လဲရန် ညှိသည်။ ဆိုဗီယက်တို့က လေယာဉ်ကို ရောင်းရန်သာ စိတ်ဝင်စားသော်လည်း မော်ကီချောင်း အကြိမ်ကြိမ် ညှိရာမှ သဘောတူပြီး အလဲအလှယ် ဖြစ်သွားသည်။ နောက်ဆုံး တရုတ်လုပ် အထည်၊ ဖိနပ်နှင့် ခေါက်ဆွဲခြောက် ရထား အစီး (၅၀၀) တိုက်ဖြင့် ဆိုဗီယက် လေယာဉ် (၄) စီး လဲယူခဲ့သည်။ ထိုဖြစ်ရပ်ပြီးနောက် မော်ကီချောင်းမှာ နာမည်ကြီး လာပြီး ဆိုဗီယက် အာဏာပိုင်များနှင့် ရင်းနှီးလာကာ ဆိုဗီယက် ဂြိုလ်တု လွှတ်တင်ရေးတွင်ပါ ရင်းနှီး မြုပ်နှံခဲ့သည်။

မဖြစ်နိုင်ဟု ထင်ရသော အရောင်းအဝယ်ကို စိတ်ရှည်စွာ ရအောင် အကြိမ်ကြိမ် ညှိနှိုင်းခဲ့သည့် မော်သည် တရုတ်တို့၏ စိတ်ကူးအကောင်းဆုံး လုပ်ငန်းရှင်များတွင် ပါလာသည်။ မြန်မာတို့၏ ပြန်မရနိုင်သော သဘာဝ သယံဇာတများကို တန်ဖိုး မရှိသည့် တရုတ် ထုတ်ကုန်များနှင့် လဲနေရခြင်းနှင့် နှိုင်းယှဉ် စေချင်ပါသည်။ မော်ကတော့ စီချွမ် လေကြောင်း သမိုင်းတွင် ခေါက်ဆွဲခြောက် နှင့် လေယာဉ် လဲစီးခဲ့သူဟု သမိုင်းဝင်ခဲ့သည်။