
ပုံမှန်အချိန်တွေမှာ ကိုယ်ပိုင်ငွေကြေးကို စီမံတာ အရေးကြီးသလို စီးပွားရေးကျဆင်းနေတဲ့အချိန်မှာ ကိုယ်ပိုင်ဝင်ငွေကိုစီမံဆောင်ရွက်ရတာဟာ သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ ဒီလို စီးပွားရေးကျဆင်းချိန်တွေကို ဖြတ်ကျော်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကြိုတင်ပြင်ဆင်ထားခြင်းပါပဲ။ ပုံမှန်အဆင်ပြေနေတဲ့အချိန်တွေမှာ ငွေကြေးကို ကောင်းကောင်းစီမံပြီး စုဆောင်းထားမယ်ဆိုရင်တော့ ဒီလိုအခြေအနေတွေကို ဖြတ်ကျော်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။ ဒါကြောင့် ငွေစုဆောင်းချွေတာခြင်းကို အကြံပြုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကို သတိမထားမိခင်မှာ ဒီလိုခက်ခဲတဲ့ အကျပ်အတည်းထဲ ရောက်နေတတ်ပါတယ်။ စီးပွားရေးကျဆင်းနေတဲ့အချိန်တွေမှာ ကောင်းကောင်းရှင်သန်နိုင်ဖို့ ပြုလုပ်နိုင်တဲ့အချက်လေးတွေကို ဖော်ပြပေးထားပါတယ်။

ဘတ်ဂျက်အစီအစဉ်ရေးဆွဲထားပါ။
အဆိုးဆုံးအခြေအနေတွေအတွက် ဘတ်ဂျက်အစီအစဉ်ရေးဆွဲထားပါ။ ဥပမာ – နောက် ၆ လအထိ ဝင်ငွေလုံးဝ မရှိတော့တာဖြစ်ဖြစ်၊ ဝင်ငွေ နည်းနည်းပဲရတော့တာမျိုးဖြစ်ဖြစ် ကိုယ့်ရဲ့အသုံးစရိတ်ကို ဘယ်လိုစီမံမလဲ။ စွန့်လွတ်မှုတစ်ချို့ လိုပါလိမ့်မယ်။ အသုံးစရိတ်ကို အရေးကြီးလိုအပ်ချက်တွေအတွက် ဦးစားပေးပြီး အရေးမကြီးတဲ့၊ မလိုအပ်တဲ့အရာတွေအတွက် သုံးနေတာတွေကို ရပ်ပါ။

အသုံးစရိတ်ခြေရာခံပါ။
ဘတ်ဂျက်ရေးဆွဲပြီးပြီဆိုရင် ဒီအတိုင်းလိုက်နာဖို့လည်း အရေးကြီးပါတယ်။ ဒီလိုလိုက်နာနိုင်ဖို့ အဓိကသော့ချက်ကတော့ အသုံးစရိတ်ကို ခြေရာခံဖို့ပါပဲ။ အသုံးစရိတ်ကို ခြေရာခံမယ်ဆိုရင် မလိုအပ်တဲ့အရာတွေဝယ်ယူခြင်းကို ရှောင်လာမယ်။ လိုအပ်တဲ့အရာတွေအတွက် ဘတ်ဂျတ်ကို သေချာဆုံးဖြတ်ပြီး ချိန်တတ်လာပါလိမ့်မယ်။

အနည်းငယ်စီစုပါ။
ဝင်ငွေရှိတုန်းမှာ ငွေနည်းနည်းပဲဖြစ်ဖြစ် စုနိုင်ဖို့ ကြိုးစားပါ။ Refuse (ငြင်းပါ – တကယ်မလိုတဲ့အရာကို မဝယ်ပါနဲ့)၊ Reduce (လျှော့ပါ – ဖြစ်နိုင်ရင် လျှော့ပြီးဝယ်ပါ)၊ Reuse (ပြန်သုံးပါ – ပစ္စည်းတွေကို စွန့်ပစ်ပြီး အသစ်ထပ်ဝယ်မယ့်အစား ပြန်သုံးပါ)၊ Recycle (ပြန်ပြင်သုံးပါ – ဝယ်မယ့်အစား တခြားမှာသုံးလို့ရရင် ပြန်သုံးပါ) စတဲ့ R လေးလုံးကို လေ့ကျင့်ခြင်းဖြင့် အသုံးလျော့လာနိုင်ပါတယ်။

ထပ်မံချေးယူခြင်းကို ရပ်ပါ။
အကြွေးတစ်ချို့ရှိပြီးသားဆိုရင် ဈေးအကြီးဆုံးအကြွေးကို အရင်ဆုံးပြန်ဆပ်နိုင်ဖို့ ကြိုးစားပါ။ ထပ်ပြီး ငွေချေးယူခြင်းကို အတတ်နိုင်ဆုံးရှောင်ပါ။

ဝင်ငွေကို တိုးအောင်လုပ်ပါ။
အတတ်နိုင်ဆုံး ရနိုင်တဲ့နေရာတွေမှာ ဝင်ငွေလမ်းကြောင်း အသစ်တွေပြုလုပ်ပါ။ ကံမကောင်းစွာပဲ စီးပွားရေးကျဆင်းချိန်မျာတော့ အပိုဝင်ငွေရအောင်ပြုလုပ်ဖို့က ပုံမှန်အခြေအနေထက် ပိုပြီးခက်ခဲတာကြောင့် အခြားသူတွေထက် စိတ်ကူးဉာဏ်ဆန်းသစ်ဖို့တော့ လိုပါတယ်။

ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့အရာကိုသာ အာရုံစိုက်ပါ။
စီးပွားရေးကျဆင်းမှုက ဘဏ္ဍာရေးအရခက်ခဲမှုဖြစ်ရုံတင်မကပဲ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ခက်ခဲတဲ့အချိန်ဖြစ်ပါတယ်။ မသေချာမှုနဲ့ ငွေကြေးအခက်အခဲတွေက စိတ်ဖိစီးမှုတွေဖြစ်ပေါ်နိုင်သလို တစ်ခါတစ်ရံ ကြောက်စိတ်တွေကိုပါ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့တဲ့ လက်တွေ့ကျတဲ့နည်းလမ်းတွေလိုမျိုး ကိုယ်ထိန်းချုပ်လို့ရတဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက်ပါ။ အခြားအရာတွေအတွက် အရမ်းကြီးစိတ်ပူ မနေပါနဲ့။

စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာတဲ့အခါ သင့်ရဲ့ဝင်ငွေကျဆင်းနိုင်သလို တစ်ခါတစ်လေ ဝင်ငွေလုံးဝမရှိတော့သည်အထိလည်း ဖြစ်နိုင်ပါတယ်။
ကိုယ့်ရဲ့နေထိုင်မှုဘဝပုံစံကိုလည်း ပြောင်းလဲလျှော့ချဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ဘဏ္ဍာရေးကို ဒီလိုကြိုတင်ပြင်ဆင်ထားခြင်းက စီးပွားရေးကျဆင်းမှုတွေဖြစ်လာတဲ့အခါ ပိုပြီး ခံနိုင်ရည်ရှိပါလိမ့်မယ်။